အတွေးဒဿနစာစုများ(၄)
----------------------------------
အနိုင်အရှုံးဆိုတာ ခေါင်းနဲ့ပန်းလိုပဲ
ကျောချင်းကပ်နေတာပါ။အနိုင်တစ်ခုအတွက်
ဘဝင်မြင့်နေစရာမလိုသလို၊ အရှုံးတစ်ခုအတွက်လည်း
ဝမ်းနည်းနေစရာမလိုပါဘူး။အရှုံးဆိုတာ
အဆုံးမဟုတ်သေးတဲ့အတွက် နောက်ထပ်တစ်ဖန်
ကြိုးစားခွင့်ရှိသေးတယ်။
သန်းခေါင်ထက်ညဥ့်နက်တာမရှိဘူးဆိုပေမဲ့
သန်းခေါင်မတိုင်ခင်အထိတော့ ညဥ့်ကနက်သာထက်
နက်နေဦးမှာပါ။ ဒါပေမဲ့ စိတ်ဓာတ်မကျပါနဲ့။
သန်းခေါင်လွန်ပြီးရင် အာရုဏ်လာတော့မယ်။
အများအကျိုးဆောင် ကိုယ့်အကျိုးအောင် တဲ့
အများအကျိုးဆောင်တယ်ဆိုတာ ကိုယ့်အကျိုးအောင်ဖို့
မဟုတ်ပါဘူး။ အများအကျိုးအောင်ဖို့အတွက်ပါပဲ။
ကိုယ့်အကျိုးအောင်တာ မအောင်တာထက်၊ အများအကျိုး
အောင်တာမအောင်တာက ပိုအရေးကြီးပါတယ်။
ချွေတာစုဆောင်းပါ ဒါပေမဲ့ ကပ်စေးမနည်းပါနဲ့။
လိုအပ်ရင်သုံးစွဲပါ ဒါပေမဲ့ မဖြုန်းတီးပါနဲ့။
ရိုးသားပါ ဒါပေမဲ့ မအစေနဲ့။
ဘာမှတန်ဖိုးမရှိတဲ့ သုည တောင်မှ
သူ့နေရာနဲ့သူသုံးရင် တန်ဖိုးရှိပါတယ်။အကြောင်းအမျိုးမျိုး
ကြောင့် လမ်းမှာရောက်နေတဲ့ အနာဂတ်ရဲ့ခေါင်းဆောင်
လူငယ်လေးတွေကိုကြဉ်မထားပါနဲ့။ ပြုပြင်ပေးလိုက်ပါ။
အောင်မြင်နေချိန်မှာ ချီးမွမ်းတတ်သူ ဆယ်ယောက်ထက်
ကျရှုံးနေချိန်မှာ အားပေးတတ်သူတစ်ယောက်က
ပိုပြီးတန်ဖိုးရှိပါတယ်။
လူတော်တွေက ခက်ခဲတဲ့အရာတွေကို
ဖြစ်အောင်လုပ်ပြနေချိန်မှာ လူညံ့တွေကတော့
လွယ်ကူတဲ့အရာတွေကို ခက်ခဲတယ်လို့ထင်နေတုန်းပါပဲ။
ငါ ရယ်နေတယ်
ငါ့ဘေးမှာ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါးပေါ့။
ငါ ငိုနေတယ်
ငါ့ဘေးမှာ ဘယ်သူမှမရှိဘူး ငါတစ်ယောက်တည်းပေါ့။
မနေ့က ပြန်မလာ
မနက်ဖြန် မသေချာ
ဒီနေ့သည်သာ ငါတို့ဘဝ
တိုးတက်ဖို့အတွက် ကြိုးစားကြ ။
ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ်
ဘဝမှာ ရိက္ခာအတွက် သိက္ခာကိုစတေးစရာ မလိုပါဘူး။
ဘဝဆိုတာ မသေခင် အနေတတ်မှ
သေတဲ့အခါ အသေမြတ်မှာပါ။
(လွတ်လပ်စွာသဘောထားကွဲလွဲနိုင်ပါသည်)
ညီလေးမောင်